မြောင်းမြ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (မုတ်ဆိုးကွင်း) ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် အခြား အထွေထွေဗဟုသုတနှင့် စာဖတ်သည့်အလေ့အထ များရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဟောပြောခဲ့သောအကြောင်းအရာ များကို ပြန်လည်ပြောပြနိုင်သော ကျောင်းသား/သူများအား ဆုလက်ဆောင်များပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)