ရှမ်းရွာသစ်မြို့တွင် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းရွာသစ် ဇန်နဝါရီ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော "ခေါင်းဆောင်မှုအတွေး၏အရေးပါမှု" စာအုပ်ဖြင့်  စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်ဒေါ်သင်းသင်းလှိုင်က လူငယ်တို့၏ ပညာရေးလမ်းကြောင်းကို တားဆီးနှောင့်ယှက်နေသော အရာများကဘာလဲ၊ လူငယ်တို့၏ ပညာရေး ကောင်းမွန်ရန်အချက်များ၊ လူငယ်များစံနမူနာအတုယူဖွယ်ကောင်းသည့် ပုဂ္ဂိုလ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များက ပညာနှင့်တူသောအလင်း၊ လူငယ် နှင့်ပညာရေး၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ခေါင်းဆောင်မှုခေါင်းစဉ်တွင်ပါရှိသော အကြောင်းအရာများကို အကျဉ်းချုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။            

ဇင်လေး(ပြန်/ဆက်)