ထီးလင်း အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ကြိုတင် ဆန္ဒမဲ ပေးနိုင်ရေး လုပ်ငန်းများ ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြု လုပ်သည်။
အဆိုပါလုပ်ငန်းဆွေးနွေးပွဲတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိက အမှာစကား ပြောကြား သည်။
ထို့နောက် ထီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဋ္ဌေးလွင်ဦးက ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားကာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးခင်မောင်အေးက ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် စနစ်တကျချိတ်ပိတ် ဆောင်ရွက်ခြင်း၊ ဆန္ဒမဲ ပေးပုံပေးနည်းများ၊ ဆန္ဒမဲ လက်မှတ် နမူနာပုံစံများအား လက်တွေ့ ပြသဆောင် ရွက်သည်။
ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၇၁)အုပ်စု၊ စုစုပေါင်း (၇၃)ခုတွင် မဲရုံပေါင်း (၁၀၀)ရှိပြီး ကြိုတင် ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)