ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် စပါးစိုက်ဧက ၆၉၉၄၄ ဧက ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီး

ပွင့်ဖြူ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် စပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧကအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း၊ ရတနာတိုး ၊ ပေါ်ဆန်းရင်၊ ချမ်းမြေ့မေ ၊ ဆင်းသုခ ၊ မနောသုခ၊ ပခန်းရွှေဝါ၊ သီးထပ်ရင်၊ ဧရာပဒေသာ စသည့် စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။ အဆိုပါ မိုးစပါးစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ပြီး  လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာ ၃၁ ရက် နေ့တွင်  မိုးစပါးစိုက်ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီးခဲ့ကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးထားခဲ့တဲ့ မိုးစပါးစိုက်ခင်းတွေကို ဒေသခံတောင်သူတွေက ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် နိုဝင်ဘာလဆန်းကစပြီး စတင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ဒီဇင်ဘာလကုန်မှာ  စပါးစိုက်ဧက ၆၉၉၄၄ ဧက အားလုံးကို အောင်မြင်စွာ ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ပါတယ်။ ဒီဒေသမှာက စိုက်ပျိုးရေဖူလုံတဲ့အတွက် နှစ်စဉ်နှစ်တိုင်း စပါးစိုက်ပျိုးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုနှစ်မှာဆိုရင် စပါးအထွက်နှုန်းအနေနဲ့   တစ်ဧက ပျမ်းမျှ ၈၆ ဒသမ ၀၅ တင်းခန့် ထွက်ရှိပါတယ်။ ဒီနှစ်စပါးဈေးကလဲ  ဈေးကောင်းရရှိလို့ ဒေသတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေကြပါတယ်”ဟု   ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေဖူလုံတဲ့အတွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိကာ နှစ်စဉ် မိုးသီးနှံနှင့် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိပြီး အထွက်နှုန်းကောင်းမွန်သော စပါးမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ ယခုနှစ်တွင် စပါးဈေးနှုန်းမှာ ယခင်နှစ်ကထက် ဈေးပိုရရှိသဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေပိုမိုရရှိကာ လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း သိရသည်။   

ရဲဝင်းနိုင်(ညောင်ဦး)