ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲတွင် ဘိုကလေးမြို့နယ်မှ ရှင်သာမဏေ (၂၁၈) ပါးဝင်ရောက်ဖြေဆိုမည်

ဘိုကလေး ဇန်နဝါရီ ၁၅

ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ပြန့်ပွားရေး၊ သာသနာ့အာဇာနည်အရှင်မြတ်များ ပေါ်ထွန်းလာစေရး တို့ကိုရည်ရွယ်ကာ ယခုနှစ် (၄၈) ကြိမ်မြောက် ဖျာပုံခရိုင်၊ လေးမြို့နယ်ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီးအား ဖျာပုံခရိုင်အတွင်းမှ ဒေးဒရဲမြို့နယ်၌ ဖေဖော်ဝါရီ (၂၆)ရက်နေ့မှ စတင်၍ မတ်လ(၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ဘိုကလေးမြို့နယ်မှ ရှင်သာမဏေ(၂၁၈)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

ဖြေဆိုမည့် (၂၁၈)ပါးတွင် ပထမကြီးတန်း (၄) ပါး၊ ပထမလတ်တန်း(၂)ပါး၊ ပထမငယ်တန်း(၃၅)ပါး၊ အခြေပြုမူလတန်း(၄၆)ပါး၊ အာဂုံပြန် (၁၃၁) ပါး ပါဝင်ကြပြီး စာမေးပွဲထူးချွန်စွာ ဖြေကြားနိုင်ရေးအတွက် ရှင်သာမဏေများအနေဖြင့် သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီး၌ ဆရာတော်၊ သံဃာတော်များ၏ ကြီးကြပ်မှုများနှင့်အတူ ကြိုးစားကျက်မှတ်လေ့လာဆောင်ရွက်နေကြောင်းနှင့် အဆိုပါစာမေးပွဲတွင် ဝိနယဘာသာ၊ သဒ္ဒါဘာသာ၊ သင်္ဂါဟဘာသာနှင့် မာတိကာဓာတုကထာဘာသာတို့ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)