၂၀၂၄ ခုနှစ်၊ (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်လူထုအခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်

လွိုင်ကော်     ဇန်နဝါရီ     ၁၅

၂၀၂၄ ခုနှစ်၊ (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် လူထုအခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်နေ့အထိမ်းအမှတ်လူထုအခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၄ ခုနှစ်၊ (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်သဝဏ်လွှာကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ ဖတ်ကြားသည်။

ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းကို ဆောက်ရွက်ခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်စေရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(၅၇)ဆု၊ လူမှုရေးဆိုင်ရာထူးချွန်ဆု(၁၈)ဆု၊ အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုအား ရွပ်ရွပ်ချွံချွံတန်ပြန်တိုက်ခိုက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု(၆၆)ဆုနှင့် ဂုဏ်ပြုလက်မှတ် ရရှိသူ(၁၄၃)ဦး၊ စုစုပေါင်း(၂၈၄)ဦးအား ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူအသီးသီးက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သဘာပတိများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ထူးချွန်ဆုရရှိသူများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်များပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်ပြန်/ဆက်