နာဂရိုးရာ နှစ်သစ်ကူးပွဲတော်၌ ရိုးရာအသုံးအဆောင်ပစ္စည်းများ စျေးနှုန်းသင့်တင့်စွာဖြင့် ရောင်းချမည်

ပန်ဆောင် ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှု အထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို စျေးနှုန်းသင့်တင့် မျှတစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ ရိုးရာချည်နှင့် ပုတီးများကိုဝယ်ယူပြီး ပန်ဆောင်မြို့တွင် မိမိအိမ်၌ ရက်လုပ်ကာ ရိုးရာ အသုံးအဆောင်များဖြစ်သည့် ရိုးရာခြုံဆောင်၊ တဘတ်(မာဖလာ)၊ လွယ်အိတ်၊ လည်ဆွဲပုတီး၊ တောဝက်စွယ်ဖြင့် ပြုလုပ်ထားသည့် ပုတီး၊ ဝါးခွက်၊ ဝါးဘူး၊ ရိုးရာလုံချည်၊ ပုဆိုး၊ လက်ကောက်၊ ရိုးရာအင်္ကျီဝတ်စကုတ် စသည့်ရိုးရာအသုံးအဆောင်ပစ္စည်များကို ရိုးရာပွဲအတွင်း ရောင်းချပေးမည်ဖြစ်ပြီး ရိုးရာပွဲအပြီးတွင်လည်း ပန်ဆောင်မြို့ ကွင်းတွင် ဆက်လက်ရောင်းချသွားမည်ဟု ဒေါ်ကော့ညွန်း(မ်)က ပြောသည်။

ဂျာယော် (ပန်ဆောင်)