ပင်လည်ဘူး အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်ပြည်သူများ လုံခြုံစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံလင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က မဲရုံလုံခြုံရေးတွင် တာဝန်ထမ်း ဆောင်ကြမည့် အထူးရဲများအနေဖြင့် မြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့်ပူးပေါင်း၍ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်များ မဲမပေးနိုင်အောင် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပုရဝုဏ်နှင့် ကိုက်(၅၀၀)အတွင်း မလိုလား အပ်သော ပြဿနာအနှောင့်အယှက် အဟန့်အတားများ မဖြစ်ပေါ်စေရေးနှင့် ဆူပူမှုများမရှိစေရေးတို့နှင့်ပတ်သက်၍ လုံခြုံရေးကို အထူးဂရုစိုက်တာဝန်ယူ ဆောင်ရွက် သွားကြရန် အထူးမှာကြားပြောကြားခဲ့ကြသည်။
အဆိုပါအထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချခဲ့ကြပြီး အထူးရဲသင်တန်းသား ၁၂၈ ဦးတက်ရောက်ခဲ့ကြောင်း၊ အထူးရဲတာဝန်ကိုတော့ စက်တင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ခန့်အပ်တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံလင်း ထံမှသိရသည်။
မျိုးလွင်(ပြန်/ဆက်)