သဲကုန်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့် ကျောင်းများသို့ Grade-9 အောင် ကျောင်းသား/ သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ခံပညာရေးမှူး ဦးသိန်းထွဋ်က စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုအထက်တန်းကျောင်း(ပြည်)မှ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ၂၀၂၃/၂၄ ပညာသင်နှစ်တွင် (Grade-9)အောင်မြင်ပြီးသော ကျောင်းသား/ ကျောင်းသူများ အသက်မွေးဝမ်းကျောင်းပညာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်စေရန်နှင့် အစိုးရနှင့်ပုဂ္ဂလိကစိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုဆိုင်ရာလုပ်ငန်းများတွင် လိုအပ်သော စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပါကြောင်း၊ တက်ရောက်သင်ကြားမည့် ကျောင်းသား/ သူများကို ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ ပညာသင်ယူနိုင်မည့် အခွင့်အရေးများနှင့် စက်မှုဘာသာရပ်နှင့် ပတ်သက်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုအထက်တန်းကျောင်း (ပြည်)မှ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးကနှင့် တာဝန်ရှိသူများက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှုအထက်တန်းကျောင်း ကျောင်းသား/ သူများအား မွေးမြူရေးအခွင့်အလမ်းဆိုင်ရာ အချက်အလက်များနှင့် အထောက်အကူပြု ဘာသာရပ်ဆိုင်ရာများအား (Projector)ဖြင့် ရှင်းလင်းဆွေးနွေးကြရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
ကိုကျော် (ပြန်/ဆက်)