မုံရွာ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် (MRRP) သင်တန်းခန်းမတွင် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းသင်တန်းအမှတ်စဉ်(၂) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဦးက သစ်တောလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်၊ ဒေသခံ ပြည်သူများဖြင့်ပူးပေါင်း၍ CF စိုက်ခင်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန်၊ CF ၏ အခြေခံသဘောတရားများအားနားလည်တတ်ကျွမ်းလာစေရန်တို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမည့် ဘာသာရပ်များကို အထူးအလေးထားသင်ယူကြပြီး လက်တွေ့နယ်ပယ်တွင် စနစ်တကျ မှန်ကန် မြန်ဆန်စွာ အသုံးချသွားကြရန် တိုက်တွန်းအမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ သင်ထောက်ကူ ပစ္စည်းများအား သင်တန်းသားများထံသို့ ပေးအပ်ကာ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြောင်း သိရ သည်။
အဆိုပါ သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ/ယင်းမာပင်ခရိုင် သစ်တောဦးစီး ဌာနမှ တောခေါင်း၊ တောကြပ် ဝန်ထမ်း (၁၅)ဦးအား သင်တန်းနည်းပြဆရာများက CF တည်ထောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များ၊ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲခြင်း၊ CF စိုက်ခင်း တည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း စသည့် ဘာသာရပ် (၂၁)ဘာသာကို ရက်သတ္တပတ် တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)