ထားဝယ် ဇန်နဝါရီ ၁၅
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားလူမျိုးပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းရင်းသားလူမျိုးပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲကို ကရင်၊ ချင်း၊ ထားဝယ်၊ မွန်တိုင်းရင်းသားလူမျိုးဖူဆယ်ဘောလုံးအသင်း (၁၅)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်ကြောင်း၊ တိုင်းရင်းသားညီအစ်ကို အားလုံးတစ်ဦးနှင့်တစ်ဦးချစ်ခင်စည်းလုံးစွာဖြင့် အတူတကွလက်တွဲပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍတွင်လူငယ်များအနေဖြင့် တစ်တပ်တစ်အားပူးပေါင်းပါဝင်နိုင်ကြစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှာရှိသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်သက်ဆိုင်ရာဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင်လည်း တိုင်းရင်းသားလူငယ်များပါဝင်လာနိုင်စေရေးအတွက် အခွင့်အရေးပေးပြီး လက်တွဲဆောင်ရွက်ပေးကြရန်နှင့် တိုင်းရင်းသားလူငယ်များအနေဖြင့်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကိုချစ်ခင်မြတ်နိုးပြီး နိုင်ငံတော်၏တာဝန်ကို ကျေပွန်စေမည့် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင်တိုင်းရင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်က အားကိုးအားထားရသည့် မြန်မာ့အားကစားသမား လူချွန်လူကောင်းများဖြစ်အောင် အနိုင်မခံအရှုံးမပေး၊ ကြံ့ခိုင်သောစိတ်ဓာတ်၊ မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ရင်ဆိုင်ယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာကာ KNU ဆက်ဆံရေးအသင်းနှင့်မွန်(ရေဖြူ)အသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ KNU ဆက်ဆံရေး အသင်းက (၆)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားလူမျိုးပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၅) သင်းဖြင့်ဇန်နဝါရီ(၂၂)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)