ကရသူရိမြို့၌ ယိုးဒယား ကျွဲကောသီး စျေးကောင်းရ၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ အပိုဝင်ငွေ ရရှိ

ကရသူရိ ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊    ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့ရှိ ‌ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းနှင့် ရာသီပေါ်စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ယိုးဒယားကျွဲကောသီး စျေးကောင်းရ၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသူများ မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။

“ကျွဲကောပင်ကို သီးသန့်စိုက်ပျိုးထားခြင်းမဟုတ်ဘဲ ကွမ်းသီးခြံနှင့် ရာဘာခြံတို့တွင် ကြားညှပ်စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။ ယိုးဒယား ကျွဲကောမျိုးတစ်ပင်ကို ၁၃၀၀၀ ကျပ်နှင့် ဝယ်ယူရပြီး ဇွန်လတွင် စတင်စိုက်ပျိုးကြောင်း၊ သက်တမ်း ၆ နှစ်ကြာလျှင် စတင်ခူးရောင်းနိုင်ပြီး ယခုလက်ရှိ ကျွဲကောသီးအလုံးကြီးတစ်လုံး ၁၆၀၀ကျပ်၊ အလုံးငယ် ၈၀၀ ကျပ်ရရှိကာ ‌ဒေသအတွင်းရောင်းချ  ကြောင်း” တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသူတစ်ဦးကပြောသည်။

ဒေသအခေါ်အဝေါ် တအုန်းသီး(ကျွဲကောသီး)သည် လူကြိုက်များသည် အသီးတစ်မျိုးဖြစ်သော်လည်း ‌ဒေသအတွင်း စိုက်ပျိုးသူနည်းပါးသဖြင့် လတ်တလောရောင်းအားကောင်း၍ အပိုဝင်ငွေရရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)