ပခုက္ကူ ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘောလီဘောအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံဘောလုံးရုံခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရူပဗေဒဌာန(အမျိုးသား)အသင်းနှင့် ညွှန့်ပေါင်း(အမျိုးသား)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒဌာနအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သင်္ချာဌာန(အမျိုးသမီး)အသင်းနှင့် ရူပဗေဒဌာန(အမျိုးသမီး)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒဌာနအသင်းက နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက (အမျိုးသား၊ အမျိုးသမီး)အသင်းအလိုက် ပထမဆု၊ ဒုတိယနှင့် တတိယဆုများ၊ ဆုငွေနှင့် လည်ဆွဲကြေးတံဆိပ်များ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အထူးပြုဘာသာရပ်ပေါင်းစုံက အမျိုးသား ၅ သင်း၊ အမျိုးသမီး ၆ သင်း စုစုပေါင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ နိုင်ငံတော်က အားကိုးယုံကြည်ရသော ကောင်းမြတ်သည့် ကိုယ်ကျင့်သီလ၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ အားကစားသမားများအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်မှုရရှိပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောသည်။
ဘာမီသာ(ပခုက္ကူ)