ကြံခင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ကြံခင်း ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား များအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ပြင်ပ ကျန်းမာရေးဌာနတွင် စောင့်ရှောက်မှုများ‌ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုအခမဲ့ ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆေးမှတ်တမ်းစာအုပ်များပြုလုပ်ပေးကာ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတိုးရှိ/မရှိနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ စစ်ဆေးပေးခဲ့ခြင်းများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျဆောင်ရွက် ပေးကြပြီး ဒေါက်တာသီဟဇော်နှင့် တာဝန်ရှိသူများက ရောဂါစစ်ဆေးပေးကာ ဆေးဝါးကုသမှုများဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက အာဟာရဒါနအဖြစ်  ပင်စင်စားတစ်ဦးလျှင် ကြက်ဥ (၅) လုံးစီဖြင့် ပင်စင်စား(၅၀)ဦးအား   ထောက်ပံ့အားပေးခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံဝန်ထမ်းပင်စင်စားများအား (အပတ်စဉ်) အင်္ဂါနေ့နှင့် သောကြာနေ့များတွင်   မြို့နယ်ပြည်သူ့ဆေးရုံ၊ ဘက်ရဲတိုက်နယ်ဆေးရုံနှင့် ဆိပ်သာတိုက်နယ်ဆေးရုံများတွင် ဆေးဝါး များကုသဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အငြိမ်းစားပင်စင်လစာငွေထုတ်ရက်ဖြစ်သော လစဉ် (၂၁)ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံပြင်ပဆေးကုသရေးဌာနတွင် ဆေးဝါးများအခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)