ရှမ်းရွာသစ် ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိရာ ယခုအခါ မိသားစုအပိုဝင်ငွေ ရရှိနိုင်ရေးအတွက် ဒေသကြက်(ခေါ်) ဗမာကြက်များကိုပါ တိုးချဲ့မွေးမြူလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မြို့အတွင်းရှိ ဒေသခံတောင်သူအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ ဈေးကောင်းရရှိနေသည့် ဒေသကြက်သားပေါက်များကို ဝယ်ယူမွေးမြူလျက်ရှိသည်။ အဆိုပါဒေသကြက်မှာ (၅) လကြာသည့်အခါ ဥဥသားပေါက်လေ့ရှိပြီး ကြက်မတစ်ကောင်လျှင် သားပေါက် (၈) ကော်မှ (၁၃) အထိ ပေါက်လေ့ရှိသည်။ (၄၅) ရက်သား ကြက်သားပေါက် တစ်ကောင်လျှင် (၂၀၀၀) ကျပ်၊ အရွယ်ရောက်ကြက် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချရသည်။
အစာအဖြစ် ဆန်၊ ဆန်ကွဲနှင့် ထမင်းများကိုကျွေးရပြီး အရင်းအနှီးနည်းနည်းဖြင့် မိမိ၏ အိမ်ခြံဝင်းများတွင် တစ်ပိုင်တစ်နိုင်မွေးမြူနိုင်ပြီး ဈေးကောင်းရရှိသည့်အတွက် မိသားစုအပိုဝင်ငွေလည်း ရရှိကြောင်း တစ်နိုင်တစ်ပိုင်ဒေသကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ရှမ်းရွာသစ်မြို့ရှိ ဒေသနေသူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲတို့ကို တွဲဖက်မွေးမြူခြင်းသည် မိသားစုအပိုဝင်ငွေအပြင် အဆိုပါတိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးအတွက်လိုအပ်သည့် မြေဩဇာကိုလည်း ရရှိလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)