မုံရွာ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ဂျုံသီးနှံကို (၁၁၄၃၀၀)ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦး ၏ ပြောကြားချက်အရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဂျုံသီးနှံစိုက်ပျိုးရာသီ၌ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အတွင်းရှိ မြို့နယ်(၄)ခုတွင် (၁၆၁၂၄)ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင် အတွင်းရှိ မြို့နယ်(၃)ခုတွင် (၅၀၃၅၂) ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄) ခုတွင် (၁၅၅၃၃)ဧကအားလည်ကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၅) ခုတွင် (၂၉၄၂၀) ဧက အားလည်းကောင်း၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်(၁)ခုတွင် (၂၇၈၃) ဧကအား လည်းကောင်း၊ တမူးခရိုင်အတွင်းရှိ မြို့နယ်(၁)ခုတွင် (၂၀)ဧကအား လည်းကောင်း၊ ခန္တီးခရိုင်တွင်းရှိ မြို့နယ်(၁)ခုတွင် (၆၈)ဧကအားလည်းကောင်း၊ စုစုပေါင်း ဂျုံသီးနှံ (၁၁၄၃၀၀)ဧကအား စိုက်ပျိုးရန် လျာထား စိုက်ပျိုးသွား မည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရ သည်။
“ ဂျုံသီးနှံကို တိုင်းအတွင်းမှာ ဧက (၁၁၀၀၀၀)ကျော်ကို စိုက်ပျိုးသွားမှာဖြစ်တယ်၊ စစ်ကိုင်း ခရိုင်မှာ ဧက(၅၀၀၀၀)ကျော်၊ ရွှေဘိုခရိုင်က ဧက(၂၀၀၀၀)ကျော်နဲ့ ဒုတိယ အများဆုံး စိုက်ပျိုးသွားမှာ ဖြစ်တယ်၊ ဂျုံသီးနှံက ရေနည်းလို သီးနှံမျိုးဖြစ်တဲ့ အတွက် စိုက်ပျိုးရေ ရရှိမှုနည်းတဲ့ ဒီတိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးဖို့ သင့်တော်တဲ့ သီးနှံမျိုး ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်း ဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦးက ပြောသည်။
ဂျုံသီးနှံကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်၊ ကလေး၊တမူးနှင့်ခန္တ်ီးခရိုင် တို့တွင် စိုက်ပျိုးသွားမည် ဖြစ်ရာ လျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများမှ ပိုးမွှားရောဂါ ကင်းရှင်းရေး၊ ရေနည်းလိုသီးနှံစိုက်နည်းစနစ်များ၊ သွင်းအားစုများ မျှတစွာသုံးစွဲစိုက်ပျိုးနိုင်ရေးကို စိုက်ခင်းများအရောက် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)