ကျိုက်လတ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး

ကျိုက်လတ် ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ‌ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲမှစတင်၍ ကျိုက်လတ် မြို့နယ်၊ ပြည်သူ့ဆေးရုံရှိ စုဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်အတွက် နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ အနည်းဆုံး (၆)လ ရှိပြီး အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများ၊ အသက် (၁၈)နှစ်နှင့်အထက် နာတာရှည် ရောဂါ ရှိသူများနှင့် ကိုယ်ခံအား ကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကို Pfizer Original Strain  Comirnaty 30 micrograms/ dose ကာကွယ်ဆေးအားလည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အသက်(၅၀)နှစ် အထက်နာတာရှည်ရောဂါ ခံစားနေရသော ပြည်သူ လူထုအား Pfizer Original/Omicron BA.4-5 Comirnaty (15/15 micrograms)/dose ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆)ပေစီခြား၍ စနစ်တကျနေရာချထားပြီး၊ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ၊ ကျိုက်လတ်မြို့နယ်၊ ပြည်သူ့ဆေးရုံရှိ စုဝေး ခန်းမတွင် ဆေးထိုးစုရပ်ထားရှိပြီး နေ့စဉ် နံနက်(၉)နာရီခွဲအချိန်မှ စတင်ကာ ညနေ (၄)နာရီ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လှိုင်မင်းအောင်