ဇလွန် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဇလွန်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ဇလွန်မြို့နယ် ကုသရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဇလွန်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား (၁၃၀) ဦးခန့်တို့အား ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ ဆောင်ရွက်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်တိုင်းတာခြင်းများ စစ်ဆေးပေးခဲ့ပြီး မြို့နယ် ဒု - ခရိုင်ဦးစီးဌာနမှူး ဒေါက်တာရွှေဝါမြင့်နှင့် တာဝန်ရှိသူများက အထွေထွေရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်မိုးကြည်ခိုင်က တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက အာဟာရဒါနအဖြစ် ပင်စင်စားတစ်ဦးလျှင် ကြက်ဥ (၅) လုံး၊ ပေါင်မုန့်နှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇလွန် (ပြန်/ဆက်)