ပဲခူး ဇန်နဝါရီလ ၁၄
ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်ကြီး၌ ယနေ့ နေ့လယ်(၁)နာရီအချိန်က ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ အဖွဲ့ဝင် ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဦးစီးမဟာနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တသူရိယ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက သင်္ကန်းအစရှိသော လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မိတ္ထီလာမြို့၊ ညောင်လွန်ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက ပစ္ဆိမဝန္ဒနာဂါထာတော်ဖြင့်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော်ဘဒ္ဒန္တသုန္ဒရက အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် ပစ္ဆိမဝန္ဒနာဂါထာတော်ဖြင့် ပူဇော်ကာ ပဲခူးမြို့၊ ဦးဝင်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝံသပါလက ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းတော်သို့ ပင့်ဆောင်ရန် ကြွရောက်တော်မူမည့်အကြောင်း အဘိယာစနနိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားသည်။
ယင်းနောက် တပည့်သံဃာများ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တပည့်ဒါယကာ၊ဒါယိကာမများက ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းတော်သို့ ပင့်ဆောင်ကြပြီး ပဲခူးမြို့၊ သာသနာ့ဇောတိကကျောင်းတိုက်မှ စာချဆရာတော်ဘဒ္ဒန္တနန္ဒိယက သေတစ္ဆတ္တဝိဝရဏဂါထာကို ဖတ်ကြား၍ ထီးဖြူတော်များ ဖွင့်လှစ်ပူဇော်ရန် ပန်ကြားကာ နတ်မင်းကြီးလေးပါးတို့က ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ထီးဖြူတော်လေးစင်းဖွင့်လှစ်ပူဇော်ပြီး အနိစ္စာဝတ သင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ပဲခူးမြို့၊ မြို့တွင်းကြီးဓမ္မာယာဥ်ရပ်ကွက်၊ သာသနာ့ဇောတိကစာသင်တိုက် ဦးစီးပဓာနနာယက (မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ပမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)ဖြစ်တော်မူသော ဘဒ္ဒန္တသုဇန မဟာထေရ်ဆရာတော်ဘုရားကြီးသည် ဇန်နဝါရီလ(၆)ရက်နေ့ နံနက်(၄)နာရီ မိနစ်(၃၀) အချိန်ခန့် သက်တော်(၇၂)နှစ်၊ သိက္ခာတော်(၅၂) ဝါအရတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ရုပ်ကလာပ်တော်အား စံကျောင်းတွင် ဇန်နဝါရီလ(၁၄)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပူဇော်ထားရှိမည်ဖြစ်သည်။ ကြွင်းကျန်ရစ်သောဥတုဇရုပ်ကလာပ်တော်ကို ဇန်နဝါရီလ(၂၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်တွင် ကျောင်းတိုက်မှ ဆင်ဖြူကွင်းသုဿာန်သို့ ပင့်ဆောင်၍ အန္တိမအဂ္ဂိစျာပန သာဓုကီဠနသဘင် ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)