ဘုတ်ပြင်း ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာတွင် မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကြိမ်မဲတောင်ကျေးရွာ ဆိုလာ ဓာတ်အားပေးစနစ်နှင့် အအေးခန်းသိုလှောင်ရုံစနစ်စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကြိမ်မဲတောင်ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ၊ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံလူဦးရေး၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများမှာ နေထိုင်ကြသူများဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကျဉ်းမြောင်းစေရေး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အထူးအလေးထားစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသများစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ သမဝါယမကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကတာဝန်ယူဆောင်ရွက်ပေးရတဲ့ ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လူမှုစီးပွားဘဝမြင့်မားရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ၊ ကျေးလက်ထုတ်ကုန်ထုတ်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ၊ ရေးဆွဲချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဆောင်ရွက်မည့် ကြိမ်မဲတောင်ကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေထွက်ပစ္စည်းအတွက် အအေးခန်းစနစ်စီမံကိန်းသည် ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် ရေပေးဝေရေလုပ်ငန်းအပြင် ပင်လယ်စာထွက်ကုန်များအား အအေးခန်းသိုလှောင်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများပါရှိနေသည့်အတွက် ကြိမ်မဲတောင်ကျေးရွာရှိ အိမ်ထောင်စု (၃၃၀)စု၊ လူဦးရေ(၁၆၅၀)ဦး၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတိုးတက်လာမည့်အပြင် ယခုစီမံကိန်းအောင်မြင်စေရေး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် လိုအပ်သည်များ ညွှန်းကြားပေါင်းစပ်ဆောင်ရွက်ပေးပါရန်နှင့်ဒေသခံပြည်သူများကလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း စသည်များပြောကြားသည်။
ယင်းနောက် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက ဘုတ်ပြင်းခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် လျှပ်စစ်မီးသုံးစွဲရရှိမှုအခြေအနေများကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင်က စီမံကိန်းနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြီး စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ကြိမ်မဲတောင်ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ အခမ်းအနားတက်ရောက်လာကြသည့် ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)