စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်း အတွက် ချေးငွေများ ပြန်လည်ထုတ်ချေး

ကသာ   အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ကသာ မြို့နယ်၊ အထက်ဝဲကြီးကျေးရွာအုပ်စု၊ ရွှေပြည်သစ်မြစိမ်းရောင် စီမံကိန်းကျေးရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွား ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်း အတွက် ချေးငွေများကို ယမန်နေ့က အဆိုပါ ကျေးရွာသို့ သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အထက်ဝဲကြီး ကျေးရွာအုပ်စု၊ ရွှေပြည်သစ် မြစိမ်းရောင်စီမံကိန်းကျေးရွာရှိ ပြည်သူများအား မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်း အတွက် ချေးငွေများကို ပြန်လည် ထုတ်ချေးခြင်းဖြစ်ပြီး အဆိုပါကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ (၁၃၉)ဦး အတွက် ငွေကျပ်(၃၉၉)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂)ဦး အတွက် ငွေကျပ် (၉)သိန်း နှင့်  အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၃)ဦးအတွက် ငွေကျပ်(၁၂) သိန်း၊ စုစုပေါင်းအသင်းသား (၁၄၄)ဦးအတွက် ငွေကျပ်(၄၂၀)သိန်းတို့ကို မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက် ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

ရဲအောင် (ကသာ)