ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲလုံခြုံရေး အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ  အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ရွေးကောက်ပွဲ လုံခြုံရေးအထူးရဲ သင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့ (အ.ထ.က)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦး က ရွေးကောက်ပွဲတွင် မဲဆန္ဒ ရှင်ပြည်သူများ အခက်အခဲမရှိ မဲပေးနိုင်ရေးအတွက် အထူးရဲတပ်ဖွဲ့ဝင်များ တာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံလုံခြုံရေးဆိုင်ရာများကို လစ်ဟင်းမှုမရှိအောင် အထူးဂရုပြု ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် သင်တန်းမှ သင်ကြားပို့ချပေးခဲ့သော မဲရုံလုံခြုံရေး ဆိုင်ရာ သင်ခန်းစာများကို အကျိုးရှိရှိအသုံးချကာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ဆွေးနွေး မှာကြားသည်။

အဆိုပါ ရွေးကောက်ပွဲလုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦး ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြ တပ်ဖွဲ့ဝင်အရာရှိများက ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာသင်ခန်းစာ များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ရွေးကောက်ပွဲလုံခြုံရေးတာဝန်ခန့်အပ်ထားသော အထူးရဲတပ်ဖွဲ့ဝင် ၁၆၃ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦး ထံက သိရသည်။   

 ရဲဝင်းနိုင် ( ညောင်ဦး )