ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းထုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်ဆီးမိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲ ဂန့်ဂေါမြို့၌ ပြုလုပ်

ဂန့်ဂေါ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းထုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို  ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်က ပြုလုပ်ခဲ့သည်။

အဆိုပါရှုတ်ချပွဲတွင် သံဃာတော်များနှင့် ပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀) ဦးခန့်တို့က မြောက်ကုန်းရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် စုရပ်အဖြစ်စတင်ပြီး ဗိုလ်ချုပ်လမ်းမကြီး အတိုင်း ခရိုင်အားကစားကွင်းသို့ စီတန်းလှည့်လည်၍ “ဗုဒ္ဓသာသနာအား စော်ကားဖျက်ဆီး နေသာ အကြမ်းဖက်သူပုန်မှန်သမျှ (ဆန့်ကျင်ကြ) ၊ သာသနာဖျက်ဆီးနေသော အကြမ်းဖက် သူပုန်များအား ရှင်းလင်းရေး (ဒို့အရေး)၊ ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက်သူပုန်မှန်သမျှ (ကျဆုံးပါစေ)စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ကာ အဆိုပါစာသားပါဗီနိုင်းများ၊ နိုင်ငံတော်အလံများ၊ သာသနာ့အလံများတို့ကိုကိုင်ဆောင်၍ လှည့်လည်ဆန္ဒပြခဲ့ပြီး ခရိုင်အားကစားကွင်း၌ ဦးဆောင်သူပြည်သူတစ်ဦးက ဟောပြော၍ ကန့်ကွက်ရှုတ်ချပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဂန့်ဂေါသား