ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှ တစ်ပိုင်တစ်နိုင်စီးပွားဖြစ်ဆောင်ရွက်လုပ်ကိုင်နေသည့် ငြိမ့်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း

ပွင့်ဖြူ ဇန်နဝါရီ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် အချက်ပါဝင်ကာ နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများကို တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်တွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအသီးသီးတွင် (One Region ၊ One Product) အစီအစဉ်ဖြင့် ကဏ္ဍအလိုက် အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်လုပ်ကိုင်နေသော ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာရှိ ငြိမ့်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းသည်လည်း တစ်ခုအ‌ပါအဝင်ဖြစ်သည်။

မြန်မာ့ရိုးရာအစားအစာများတွင် လက်ဖက်/ပဲကြော် အစားအစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးသည့် ဓလေ့သည် ယနေ့ထိတိုင်ရှိနေဆဲ ချစ်စဖွယ်မြန်မာလူမျိုးများ၏ ဧည့်ဝတ်ပြုသည့် ယဉ်ကျေးမှုဓလေ့တစ်ခုပင်ဖြစ်၍ လက်ဖက်/ပဲကြော်လုပ်ငန်းသည်လည်း ဈေးကွက်၌ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းရှင်များက အခိုင်အမာရပ်တည်လုပ်ကိုင်လျက်ရှိပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ ထိုသို့ ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းအဖြစ် အခိုင်အမာလုပ်ကိုင်ဆောင်ရွက်နေသည့် ပဲကြော်လုပ်ငန်းများစွာတွင် ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှ ငြိမ့်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းသည်လည်း ၂၀၀၀ ခုနှစ်က စတင်ပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ သက်တမ်းအားဖြင့် နှစ်(၂၀)ရှိပြီဖြစ်ကာ ပဲကြော်လုပ်ငန်းဖြင့် ဒေသခံပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများနှင့် အိုးမကွာအိမ်မကွာ နေ့စဉ်မိသားစုဝင်ငွေရရှိစေရန် အလုပ်အကိုင်များရရှိအောင် ဖန်တီပေးထားနိုင်သလို လုပ်ငန်းရှင်အတွက်လည်း အတန်အတင့်အောင်မြင်မှုတစ်ခုရရှိနေပြီဖြစ်သည်။

အသင့်စားပဲကြော်များ ပြုလုပ်ရန်အတွက် မုံရွာမြို့နယ်၊ အောင်လံမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့များမှ ထွက်ရှိတဲ့ ပဲကြီးစေ့များကို ကုန်ကြမ်းဝယ်ယူပြီး အသုံးပြုလျက်ရှိကြောင်း သိရသည်။ ပဲကြော်ပြုလုပ်ရာ၌ ဝယ်ယူအသုံးပြုသည့် ပဲကြီးများကို ဒေသခံအမျိုးသမီးတွေကို ငှားရမ်း၍ စနစ်တကျ သန့်စင်ပြီး အရည်အသွေးကောင်းမွန်သော ပဲကြီးစေ့များကို ပထမဦးစွာ ရေစိမ်ခြင်းပြုလုပ်၍ ရေစိမ်ပြီးပဲကြီးများကို ပဲအခွံချွတ်ခြင်း(ပဲညှစ်ခြင်း)ပြုလုပ်ပြီး အသင့်စား ပဲကြော်အဖြစ် ပဲကြော်ခြင်းကို ပြုလုပ်ရကြောင်း၊ ထိုသို့ အသင့်စားပဲကြော်အဖြစ် ရရှိလာပါက ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရေး ငွေကျပ် ၂၀၀ တန်၊ ၅၀၀ တန် ပဲကြော်ထုပ်များမှစ၍ ၂၅ ကျပ်သားထုပ်၊ ၅၀ ကျပ်သားထုပ်၊ တစ်ပိဿာထုပ် စသဖြင့် စနစ်တကျထုပ်ပိုး၍ လက်လီလက်ကား ထုပ်လုပ်ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။  

ပဲကြော်များ ပြုလုပ်ရာ၌ စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန်အတွက် FDA ၏ လမ်းညွှန်မှုစည်းကမ်းချက်များနှင့်အညီ စနစ်တကျစီမံထုတ်လုပ်ခြင်းဖြစ်ကြောင်းနှင့် ပဲပူးကြော်တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ နှုန်း ၊ ပဲခြမ်းကြော် တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ နှုန်း၊ အစုံကြော်(နှစ်ပြန်ကြော်) တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ထုပ်ပိုးရောင်းချပေးသလို တစ်ဆင့်ပြန်လည်ရောင်းချသော ဈေးသည်များမှ မှာယူသည့် သင့်တင့်သောဈေးနှုန်း အရွယ်အစားပုံစံများအတိုင်း အဆင်ပြေစွာ ထုပ်ပိုးရောင်းချပေးကြောင်း လုပ်ငန်းရှင် ဒေါ်မြသန္တာလင်း က ရှင်းပြသည်။

ပဲကြော်များ ပြုလုပ်ရာတွင် ဝယ်ယူစားသုံးသူပြည်သူများ အဆင်ပြေစွာ အသင့်စားသုံးနိုင်ရန် ပဲပူးကြော်၊ ပဲခြမ်းကြော်၊ အစုံကြော်(နှစ်ပြန်ကြော်) စသဖြင့် အမျိုးမျိုးထုတ်လုပ်ကြောင်းနှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအနေဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအပြင် မကွေး၊ မင်းဘူး၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ၊ တစ်ရက်လျှင် ပဲကြော်ပိဿာချိန် ၂၀၀ ခန့်အထိ ထုတ်လုပ်နိုင်ပြီး ရောင်းအားအပေါ်မူတည်၍ ပျမ်းမျှပိဿာချိန် ၁၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြောင်း၊  ပဲကြော်လုပ်ငန်းတွင် အသုံးပြုသည့် ပဲကြော်ဆရာတစ်ဦးလျှင် လစာငွေ ကျပ် ၃ သိန်း သုံးသောင်း၊ နောက်လိုက်ပဲကြော်ဆရာတစ်ဦး လစာငွေကျပ် ၃ သိန်း၊ ပဲကြော်ထုပ်ပိုးသူ အမျိုးသား/အမျိုးသမီးကိုလည်း လစာဖြင့်ငှားရမ်းကာ လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်ပြီး လစာငွေကျပ် အနည်းဆုံး ငွေကျပ် နှစ်သိန်းမှ သုံးသိန်းအထိ ပေးရကြောင်း၊ ပဲခွံချွတ်သူ(ပဲညှစ်သူ) အမျိုးသား/အမျိုးသမီးများကို နေ့စားဖြင့် ငှားရမ်းပြီး ပဲခွံချွတ်ခြင်းအတွက် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ နှုန်း ပေးချေ၍ ငှားရမ်းလုပ်ကိုင်ရသဖြင့် ဒေသခံပြည်သူများအတွက် နေ့စဉ် မိသားစုဝင်ငွေတိုးပွားအောင် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးထားနိုင်သည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပြုလျက်ရှိကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားလာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်အတွက် တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ဆောင်ရွက်လုပ်ကိုင်နေသည့် အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များကို လုပ်ငန်းမှတ်ပုံတင်များ ခွင့်ပြုထုတ်ပေးခြင်းအပြင် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကို ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးသည့်လုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်အောင် ပံ့ပိုးကူညီပေးခြင်း၊ နည်းပညာနှင့်အထောက်အကူပြုပစ္စည်းများ ပံ့ပိုးကူညီပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ကူညီဖြည့်ဆည်းပေးလျက်ရှိသည်။ ၎င်းအပြင် သက်ဆိုင်ရာဌာနများမှလည်း အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး(MSME)လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေသဖြင့် ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ဆောင်ရွက်လုပ်ကိုင်နေသော (MSME) လုပ်ငန်းရှင်များအတွက် များစွာအဆင်ပြေလျက်ရှိသည်။

သို့ဖြစ်ရာ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် ငြိမ့်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းကို ဒေသတစ်ခု၊ ထွက်ကုန်တစ်ခု One Region One Product အဖြစ် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သော တီထွင်ဆန်းသစ်မှုများဖြင့် စားသောက်ကုန် ပစ္စည်းအမယ်တစ်မျိုးအဖြစ် ထုတ်လုပ်ကာ ပြည်တွင်း၌ စားသုံးမှုဖူလုံစေရေး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေရ၍ ဒေသတွင်းရှိ ပြည်သူများအတွက်  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်သလို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)