ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲ မုံရွာမြို့တွင် ပြုလုပ်

မုံရွာ ဇန်နဝါရီ ၁၄

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ အရှေ့ဘက်ကန်သာယာ၊ ပြည်ထောင်စုကျွန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း (၇၀၀) ဦးခန့်က မုံရွာမြို့ ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုကျွန်း အရောက် လှည့်လည်ကာ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး” ၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ” ၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် စာသားများပါဝင်သည့် ဗီနိုင်းများကိုင်ဆောင်၍ ကြွေးကြော်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ထို့နောက် အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုကျွန်းတွင် ကန့်ကွက်ရှုတ်ချပွဲပါဝင်သူများက ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်ဖျက်မိစ္ဆာများနှင့်ပတ်သက်၍ အသီးသီး ကန့်ကွက်ရှုတ်ချ ဟောပြောခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သလ္လာမေ