မုံရွာ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စိုက်ပျိုးစွမ်းအားမြင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဟုမ္မလင်းခရိုင်အတွင်း ဆန်၊ ဆီ၊ ပဲ ဖူလုံမှုရှိစေရန် အလေးထားဆောင်ရွက်ပေးနေပါကြောင်း၊ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဓါတ်မြေသြဇာများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း၊ နည်းပညာပေးခြင်းနှင့် မျိုးကောင်း၊ မျိုးသန့်များရရှိအောင် ပံ့ပိုးကူညီပေးလျက်ရှိပါကြောင်း၊ ရာသီသီးနှံအပြင် နှစ်ရှည်သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မြေလွတ်မြေလပ်မချန်ဘဲ စိုက်ပျိုးသွားကြရန် လိုအပ်သကဲ့သို့ မြေနှင့်ရာသီဥတုကို အကျိုးရှိစွာအသုံးပြု၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စိုက်ပျိုးရေးရည်မှန်းချက်များ အောင်မြင်ရန် ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများ၏ လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာအားလုံးအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသတည်ငြိမ်အေးချမ်းရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ဌာနဆိုင်ရာများက စိုက်ပျိုးစွမ်းအားမြင့်တင်ရေးနှင့် စိုက်ပျိုးသီးနှံများအပေါ် ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်နေမှုများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခရိုင်စုပေါင်းရုံးအဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းများအပေါ် စေတနာထားကာ ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား အသေးစိတ်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)