ပွင့်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ မောင်မယ်များက “ကြိုဆိုပါသည် စုံညီပွဲတော်” တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာရည်ထူးချွန်ထက်မြက်စေရန်နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆရာ/မိဘ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြသူများကို ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ပညာရည်ချွန်ဆုရရှိသူများနှင့် ကျောင်းအဆင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်းစီ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးနှင့် ဆရာ/ဆရာများ၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )