ကော့သောင်း ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများ အားကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက် ၁၀ နာရီက ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိလွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရှုတ်ချပွဲတွင် ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း (၂၀၀) ဦးခန့်က “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအားရှင်းလင်းရေး” ၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက် စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ” ၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် စာသားများပါဝင်သည့် ဗီနိုင်းများကိုင်ဆောင်၍ ကြွေးကြော်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲ ဦးဆောင်သူများက ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်ဖျက်မိစ္ဆာများနှင့်ပတ်သက်၍ အသီးသီး ကန့်ကွက်ရှုတ်ချဟောပြောခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။