ထားဝယ်မြို့တွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ် ဇန်နဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သော အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်၊ ရေရှည်တည်မြဲစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အန္တရာယ်ရှိသောအလုပ်အကိုင်များမှ ကလေးအလုပ်သမားများ ပပျောက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃)ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်  ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ(၈)ရပ်ကို သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းပေးထားပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း ဒုတိယအကြိမ်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသည့်ဘာသာရပ်များ၊ သင်ခန်းစာများကိုစနစ်တကျ ကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်စုစုလှိုင်က အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးဦးဟိဏ်းထက်အောင်က အခြေခံကွန်ပျူတာသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းသား (၂၀)ဦးအား ဇန်နဝါရီ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)