ပေါက်ခေါင်း ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့နံနက်က ပေါက်ခေါင်းမြို့ရှိ ဆေးဆိုင်များတွင်ရောင်းချနေသည့် အိမ်သုံးဆေးဝါးများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များသည် မြို့ပေါ်ဆေးဆိုင်များတွင် ရောင်းချနေသည့် (ဘာမီတွန်၊ ပါရာစီတီမော၊ ဒီကိုဂျင်၊ ဘိုင်အိုဂျက်စစ်) စသည့် အိမ်သုံးဆေးများအား သတ်မှတ်ရက်ကျော်လွန် ရောင်းချခြင်းရှိ/မရှိ တရားဝင်တင်သွင်းထားသော ဆေးပစ္စည်းများ ဟုတ်/မဟုတ်နှင့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံပါရှိမှသာ ရောင်းချရန်တို့ကို ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)