ပြည် ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်း၍ “စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ” ကို ယနေ့နံနက် ၁၀နာရီက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံက သတင်းမီဒီယာကောင်စီ၏ ဦးတည်ချက်၊ ကျင့်ဝတ်များနှင့် သတင်းမီဒီယာသမားများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ချပြရှင်းလင်းဆွေးနွေးသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)က သတင်းမီဒီယာသမားများ၏ လုပ်ငန်းနှင့်တာဝန်ဝတ္တရားများ၊ သတင်းတု၊ သတင်းမှားများ အန္တရာယ်နှင့် သတင်းမှန်စိစစ်ခွဲခြားနည်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က စာပေလောကသားများ သိရှိထားသင့်သည့် စာပေဆိုင်ရာဝေါဟာရများ၊ အသုံးအနှုန်းများနှင့် သတင်းမီဒီယာဆိုင်ရာ အကြောင်းအရာများအားလည်းကောင်း အသီးသီးဟောပြော ဆွေးနွေးသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွက် သတင်းမီဒီယာကျင့်ဝတ်၊ စာအုပ်စာစောင်များနှင့် ဂျာနယ်များအား ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးထံ လှူဒါန်းပေးအပ်ခဲ့ရာ ခရိုင်ဦးစီးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (ရန်ကုန်)မှအဖွဲ့ဝင်များ၊ ပြည်ခရိုင် သတင်းမီဒီယာအေဂျင်စီများ၊ ပြည်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၅၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)