ချမ်းအေးသာစံ ဇန်နဝါရီ ၁၃
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပပြုလုပ်မည့် MSME ကုန်ထုတ် လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသသည့်ပွဲတွင် မန္တလေး တိုင်းဒေသကြီး၏ MSME ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန် ပစ္စည်းများနှင့် ဒေသထွက်အစားအစာများ ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၁၂)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး(၂) ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ငံတော်က အလေးထား ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် MSME လုပ်ငန်းများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအနေဖြင့် One Region One Product အဓိကထုတ်ကုန်များနှင့် အခြားသောထုတ်ကုန်များကို ပါဝင်ပူးပေါင်းခင်းကျင်း ပြသသွားမည်ဖြစ်ရာ လုပ်ငန်းများလစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ် သည့်အတွက် လုပ်ငန်းကော်မတီအလိုက်၊ ဆပ်ကော်မတီအလိုက် ယခင်အတွေ့အကြုံများအပေါ် လုပ်ငန်းကဏ္ဍများအလိုက် ပိုမိုကောင်းမွန် အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းက ပြခန်းများပတ်သက်၍လည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများမှ ကုန်ထုတ်ပစ္စည်းများ ခင်းကျင်းပြသွားရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းထွဋ်၊ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးမှုများနှင့် တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံ (ပြန်/ဆက်)