ပွင့်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် ဈေးကွက်အတွင်း တရားမဝင်စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီများဖြန့်ဖြူးရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စားသုံးရန်မသင့်သည့် တားမြစ်ထားသော တရားမဝင်စားသုံးဆီများ ဖြန့်ဖြူးရောင်းခြင်းများမပြုလုပ်ကြရန်နှင့် ခွင့်ပြုချက်မရှိသော စားသုံးဆီများဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် တရားမဝင်စားသုံးဆီများများ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များမှ သိရှိလိုသောမေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )