မိုးညို ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက မိုးကြိုကာလဖြစ်သော ဧပြီလ၊ မေလနှင့် ဇွန်လများတွင် လေပြင်းတိုက်ခတ်လာပါက ခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေးအတွက် အိုးအိမ်များကို အားဖြည့်ပြုပြင်ဆောင်ရွက်ရန်အတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ် ကြောင်း၊ မိုးညိုမြို့နယ်အနေဖြင့် ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လေပြင်းဘေး ၂၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၁၇ လုံးပျက်စီးခဲ့ကာ မိသားစု ၈၂၂ စု လေဘေးသင့်သည့်အပြင် ဘာသာရေးကျောင်း ၄ ကျောင်းပျက်စီးခဲ့ကြောင်း၊ ထို့ကြောင့် လေပြင်းဘေးနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ၊ လေပြင်းဒဏ်ခံနိုင်သော အိုးအိမ်များဖြစ်စေရေးအတွက် အားဖြည့်၊ မွမ်းမံ၊ ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ရေးနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်က လေပြင်းဘေးကာကွယ်ရေးကြိုတင် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏အကြံပြုချက်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)