မင်းဘူး ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာတွင် နှစ်စဉ်ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုများဖြစ်ပွားလျက်ရှိကြောင်းသိရ၍ ယခု ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေး (R.C.C Porcupine) ရေကာ (၃)ခု အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ယခုအခါ ယင်းကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုလုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ(၁) ဦးသန့်ညီအောင်ထံက သိရသည်။
အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကျပ် ၁၀၅၅ ဒသမ ၅၀၀ သန်း ခွင့်ပြုချထားခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် ရန်ပုံငွေကျပ် ၉၈၈ ဒသမ ၅၆၈၅ သန်း အသုံးပြု၍ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မင်းဘူး(စကု)မြို့နယ် ထုံးမကြီးကျေးရွာ ကမ်းပြိုကျမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အမှတ်(၁) ရေကာလုပ်ငန်းဖြစ်သော အရှည်ပေ ၁၅၆၀ ပေအား Groyne Root (၂၀၀ပေ×၅၆ပေ) တည်ဆောက်ခြင်း၊ အရွယ်အစား (၄×၄×၈) R.C.C Porcupine ၁၇၅ ခု ရေကာချထားခြင်း၊ ကမ်းရင်းပိုင်း R.C.C Porcupine အရှည် ၄၀၀ ပေ အား R.C.C Porcupine ၇၀၀ ခု ရေကာချထားခြင်း၊ (၇)တန်းသွား R.C.C Porcupine ၁၀၁၅ ခု ရေကာချထားခြင်း၊ အမှတ်(၂) ရေကာအဖြစ် အရှည်ပေ ၁၀၀၀ အား Groyne Root (၂၀၀ပေ×၅၆ပေ) တည်ဆောက်ခြင်းနှင့် R.C.C Porcupine ၁၇၅ ခု ရေကာချထားခြင်း၊ (၅)တန်းသွား R.C.C Porcupine ရေကာအလျား ၁၀၀၀ ပေတွင် R.C.C Porcupine ၆၂၅ ခု ရေကာချထားခြင်း၊ အမှတ်(၃)ရေကာအဖြစ် အရှည်ပေ ၁၀၀၀ ပေအား Groyne Root (၂၀၀ပေ×၅၆ပေ) တည်ဆောက်ခြင်း၊ R.C.C Porcupine ၁၇၅ ခု ရေကာချထားခြင်း၊ (၄)တန်းသွား R.C.C Porcupine ရေကာအလျား ၁၀၀၀ ပေရှိ R.C.C Porcupine ၅၀၀ ခု ရေကာချထားခြင်း စသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို အပိုင်း(၃)ပိုင်းခွဲ၍ စနစ်တကျ စီမံပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကမ်းပြိုကာကွယ်ရေး R.C.C Porcupine ရေကာတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် လုပ်ငန်းအားလုံးပြီးစီးမှု ၉၆ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ယင်း ကမ်းပြိုကာကွယ်ရေး တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ (၁) ဦးသန့်ညီအောင် က ပြောသည်။
ယခု အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ တည်ဆောက်ပြီးစီးပါက မင်းဘူး (စကု)မြို့နယ် ထုံးမကြီးကျေးရွာအပါအဝင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံ ကျေးလက်နေပြည်သူများ မြစ်ရေတိုက်စားမှုကြောင့် နှစ်စဉ်ကြုံတွေ့ရသည့် ကမ်းပါးပြိုကျမှုအန္တရာယ်အား ကင်းဝေးစေမည့်အပြင် မြစ်/ချောင်းများ ရေစီးလမ်းကြောင်းကောင်းမွန်စွာစီးဆင်းနိုင်ရေး အထောက်အကူပြု ပေးနိုင်မည်ဖြစ်သဖြင့် ဧရာဝတီမြစ်အတွင်း သဲသောင်ဖြစ်ထွန်းမှုများကိုလည်း လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း မြစ်/ချောင်းများ ရေလမ်းကြောင်းကောင်းမွန်စေရန်နှင့် ကမ်းပါးပြိုကျမှု အန္တရာယ်လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်းများနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)