ဟားခါး ဇန်နဝါရီ ၁၃
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွှဲ ၁ နာရီကကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သလို လုပ်ငန်းဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များလည်း သတ်မှတ်ထားပြီးဖြစ်သဖြင့် ဆပ်ကော်မတီအလိုက် သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်များကို အကောင်းဆုံးဖြစ်အောင် အလေးနက်ထား ဆောင်ရွက်ရန်လိုကြောင်း၊ ချင်းအမျိုးသားနေ့အခမ်းအနားသည် ချင်းပြည်နယ်အစိုးရအဖွဲ့ တစ်ခုတည်းမဟုတ်ဘဲ ချင်းအမျိုးသားအားလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့်ပွဲတော် ဖြစ်ပါကြောင်းနှင့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသည့် ကော်မတီတာဝန်ရှိသူများက ကော်မတီအလိုက်ဆောင်ရွက်ပြီးနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရန်လိုအပ်သည့်လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အောင်မြင်စွာကျင်းပနိုင် ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အောင်မြင်စွာ ကျင်းပနိုင်အတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အောင်မြင်စွာကျင်းပနိုင်ရေး မုခ်ဦးဖွင့်ပွဲကျင်းပ နိုင်ရေးလုပ်ငန်းကော်မတီ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်နိုင်ရေးဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးအထောက်အကူပြု လုပ်ငန်းကော်မတီ၊ ပြခန်းကျင်းပရေးဆပ်ကော်မတီ၊ ဖွင့်ပွဲပိတ်ပွဲကျင်းပရေးဆပ်ကော်မတီ၊ ချင်းရိုးရာအခမ်းအနား ပြင်ဆင်ရေးနှင့် ဝတ်စားဆင်ယင်မှုဆပ်ကော်မတီ၊ အရေးကြီးပုဂ္ဂိုလ်များဖိတ်ကြားရေးနှင့် ကြိုဆိုနေ့ရာချထားရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ စာတမ်းမှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် ပြပွဲ၊ပြိုင်ပွဲများကျင်းပနိုင်ရေးဆပ်ကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများကဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးစိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)