ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ  ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြန်လည် ထူထောင်ရေးကာလတွင် ပြည်နယ်အတွင်းကော်မတီ (၆)ရပ်ဖြင့် ဆောင်ရွက်ခဲ့ရာ ယနေ့အစည်းအဝေးတွင် ကော်မတီအလိုက် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ရမည့်အခြေအနေများကို တင်ပြဆွေးနွေးကြစေ လိုကြောင်း၊ ကော်မတီများ၏ ဆောင်ရွက်မှုများကို အပြီးသတ် အစီရင်ခံစာ တင်ပြနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကော်မတီများအနေဖြင့် တိကျမှန်ကန်ပြီး စာရင်းဇယားစနစ်တကျဖြင့် မှတ်တမ်းများကျန်ရှိနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊  ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိမှု၊ ဖြန့်ခွဲမှုများမှတ်တမ်းမှတ်ရာများပြုစုပြီး ဖြန့်ခွဲရာတွင်လည်း မြို့နယ်အလိုက်ဖြန့်ခွဲမှု များကို အသေးစိတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် စာရင်းဇယားများပြုစု၍ အပြီးသတ်အစီရင်ခံစာ တစ်ခု ဖြစ်အောင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကာ ဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်းပြီး ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ကော်မတီ အလိုက်ရှင်းလင်းတင်ပြ ကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သော ဌာနများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှု၊ ဆောင်ရွက်ပြီးစီးမှုတို့နှင့် စပ်လျဉ်း ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှာ ပါဝင်သည့် ဌာန(၂၆)ခု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်တို့ဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး/ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် အထွေထွေပိုလျှံရန်ပုံငွေ (GRF) သို့ပြန်လည်အပ်နှံ၍ မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများနှင့်စပ်လျဉ်း၍ ပြန်လည်ပြုပြင်သည့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လုပ်ငန်းတစ်ခုချင်းအလိုက် စိစစ်နိုင်ရေး အတွက် ပြုလုပ်သည့်အစည်းအဝေးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းတိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နိုင်ငံပိုင်အဆောက်အဦများ၊ ပစ္စည်းများ၊ ယာဉ်များပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ဝယ်ယူခြင်းတို့အတွက် ပိုလျှံနိုင်ဖွယ်ရှိသည့် အသုံးစရိတ်များအား ပြည်နယ် အထွေထွေပိုလျှံရန်ပုံငွေ (GRF)သို့ ပြန်လည်အပ်နှံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် စနစ်တကျ ပြန်လည်တောင်းခံသုံးစွဲရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် အမှန် တကယ် လုပ်နိုင်သည့် ဘတ်ဂျက်တောင်းခံမှုမျိုးကိုသာ  ဆောင်ရွက်ရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တွင် ဘဏ္ဍာငွေခွဲဝေသုံးစွဲခွင့်နှင့် စပ်လျဉ်း၍ လုပ်ငန်းလုံးဝမစသေးသည့် လုပ်ငန်းများ ရှိနေသဖြင့် မသုံးနိုင်ပါက စောစီးစွာပြန်လည်အပ်နှံရန် ညွှန်ကြားထားကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်တို့ဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး/ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အထွေထွေပိုလျှံရန်ပုံငွေ (GRF)မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်ပြင်ဆင် ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း စနစ်တကျပြီးစီးနိုင်ရေး ဆောင်ရွက် ကြရန်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)