လေရှီး ဇန်နဝါရီ ၁၃
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် (၉) နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး စိုက်ပျိုးနည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မာမာဦးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ နာဂဒေသဦးစီးမှူး ဦးသိန်းထွန်းတင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဆိုင်ရာ ပညာပေး စာအုပ်/ စာစောင်များ၊ သင်ထောက်ကူပစ္စည်းများ၊ လယ်ယာစီးပွားဂျာနယ်များ ထောက်ပံ့ ပေးခဲ့သည်။
ထို့နောက် သင်တန်းအား ဆက်လက်ကျင်းပရာ ဒေါက်တာ တင်မာမာဦးမှ စိုက်ပျိုးရေး ပညာပေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့ တာဝန်ခံ ဦးဝင်းကျော်ထွန်းက နှစ်ရှည်သီးနှံပင်များအား စနစ်တကျပြုစု ထိန်းသိမ်းခြင်း နည်းပညာ များကိုလည်းကောင်း၊ တိုင်ဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ထားအိအိလှိုင်က သီးနှံများ ပန်းတိုင်အထွက်ရရှိရေးလိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးနေသူရဇော်က စိုက်ပျိုးရေးဆောင်းပါး ရေးသားနည်းစနစ်များ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မော်မော်စိုးက မြေနမူနာယူခြင်းနှင့် မြေချဉ်ငံကိန်း တိုင်းတာခြင်း နည်းစနစ်များကိုလည်းကောင်း အသီးသီးဆွေးနွေးပို့ချရာ တက်ရောက်လာကြသော နာဂဒေသစိုက်ပျိုးရေးဦးစီးဌာန မြို့နယ် အသီသီးမှဝန်ထမ်းများကလည်း သိရှိလိုသည်များကို လည်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။
လေရှီးမြို့နယ် (ပြန်/ဆက်)