မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့်သတင်းမီဒီယာဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ မြန်အောင်၌ ကျင်းပ

မြန်အောင် ဇန်နဝါရီ  ၁၃

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့်သတင်းမီဒီယာဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် သတင်းအတု သတင်းအမှားများ၊ သတင်းအမှားအမှန်ခွဲခြားသုံးသပ်နိုင်ရေးဆိုင်ရာများကို ယမန်နေ့နံနက် ၁၀ နာရီက မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ တွင်ကျင်းပသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးထွန်း (စာရေးဆရာ မောင်စိမ်းနောင်-လယ်‌ဝေး)နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုံးမောင်(စာရေးဆရာ မြင်းမူ မောင်နိုင်မိုး)တို့က သတင်းမီဒီယာနှင့်ပတ်သက်သော ကျင့်ဝတ်များ၊ ဥပဒေ/ နည်းဥပဒေများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်များ လိုက်နာရမည့်အချက်များ၊ ရှောင်ရန်ဆောင်ရန်များ၊ စာပေနှင့်ပတ်သက်သော အကြောင်းအရာများနှင့် သတင်းအတု/သတင်းအမှားများ၊ သတင်းအမှားအမှန်ခွဲခြားသုံးသပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးဟောပြောခဲ့ကြသည်။ ဆက်လက်၍ စာရေးဆရာ ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)က ကျေးဇူးတင်စကားပြောကြား၍ မြန်အောင်မြို့နယ် ပြန်/ဆက်ရုံးစာကြည့်တိုက်အတွက် စာအုပ်စာစောင်များအား မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက မြို့နယ်ပြန်/ဆက်ဦးမှူးထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီးတက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့တို့မှ စာရေးဆရာများ၊ သတင်းစာဆရာအသင်းမှ တာဝန်ရှိသူများ၊ Top Phoenix Media ၊ SH Media မှ သတင်းသမားအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဝင်းဗိုလ်