တောင်တွင်းကြီးမြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်း တုတော်များအားဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ် ချပွဲပြုလုပ်

တောင်တွင်းကြီး ဇန်နဝါရီ  ၁၃

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့ အောင်မြင်ဇေယျ(ရခိုင်) စေတီတော်မြတ်ကြီး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း (၃၀၀)ဦးခန့်က တောင်တွင်းကြီးမြို့ အောင်မြင်ဇေယျ(ရခိုင်)စေတီတော်မြတ်ကြီး ပရ၀ဏ်၌လှည့်လည်ကာ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး” ၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ” ၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် စာသားများ ပါဝင်သည့် ဗီနိုင်းများကိုင်ဆောင်၍ ကြွေးကြော်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ထို့နောက် အောင်မြင်ဇေယျ(ရခိုင်)စေတီတော်မြတ်ကြီး ပရ၀ဏ်တွင် ကန့်ကွက်ရှုတ်ချပွဲ ဦးဆောင်သူများက ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်ဖျက်မိစ္ဆာများနှင့်ပတ်သက်၍ အသီးသီး ကန့်ကွက်ရှုတ်ချဟောပြောခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)