မင်းဘူး ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သီးနှံစိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ကျွန်းပြားကျေးရွာသို့ သွားရောက်ပြီး ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုရဲမှူးကြီးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မင်းဘူး(စကု)မြို့နယ် ကျွန်းပြားကျေးရွာတွင် ဒေသခံအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အိမ်တွင်းမှုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံကာ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းမှပို့ချသင်ကြားပေးမည့် အခြေခံစက်ချုပ်နည်းပညာများကို လက်တွေ့အကျိုးရှိရှိ အသုံးချဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျွန်းပြားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားကာ ဆရာ/ဆရာမများမှ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေး အားလပ်ချိန်တွင် အားကစားလေ့ကျင့်မှုများဆောင်ရွက်နိုင်ရန် ကျောင်းအတွက်လိုအပ်သည့် အားကစားလေ့ကျင့်ရေးပစ္စည်းများထားရှိပေးနိုင်ရေး တင်ပြလာမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသစ် ဆောက်လုပ်မည့်မြေနေရာတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သီးနှံစိုက်ပျိုးစွမ်းအားမြင့်မားတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကျေးရွာဓမ္မာရုံ၌ ဒေသခံရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံပြီး ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ယနေ့ပြုလုပ်သည့်တွေ့ဆုံပွဲသည် မိမိတို့ကျေးရွာအတွက်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သီးနှံစိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ၍ မိမိတို့ ကျေးရွာနေ ပြည်သူများအနေဖြင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာ၌ ယခင်ကထက် ဒေသထွက်ကုန်သီးနှံများ ပိုမိုထွက်ရှိရေး ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း၊ ကျေးရွာတွင် အသက်(၁၀)နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့်ရရှိရေးနှင့် Biometric Smart Card မပြုလုပ်သေးသူများ ရှိပါက သက်ဆိုင်ရာ လဝကဦးစီးမှူးရုံးနှင့်ချိတ်ဆက်၍ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ချေးယူထားသော သီးနှံစိုက်ပျိုးစရိတ်ချေးငွေကို အချိန်မီပြန်လည်ပေးဆပ်သွားကြစေလိုကြောင်းနှင့် ကျေးရွာအတွက် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေး ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်က နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုရဲမှူးကြီးမောင်မောင်က မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းရေးဆိုင်ရာသိကောင်းစရာများနှင့် ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းက မှုခင်းဖြစ်ပွားရခြင်း၏အကြောင်းအရင်းများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးနိုင်ရေး၊ သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေး ဆောင်ရွက်ပေးရန်ကိစ္စရပ်များနှင့် ရပ်ရွာမီးဘေးလုံခြုံရေး ဆောင်ရွက်ပေးရန်ကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်လုပ်ငန်းများအား ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )