ကော့သောင်း ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြိုတွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီက အ.လ.ကခွဲ (ရွှေဟင်္သာ)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ယနေ့ခေတ် လူငယ်နှင့် (Social Media) အကြောင်း၊ အသိပညာဗဟုသုများ တိုးပွား၍ အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် လူငယ်များဖြစ်လာ စေရန် စာဖတ်သည့်အလေ့အကျင့်များ ပျိုးထောင်ရန်နှင့် လူငယ်ရေးရာ သိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများ ဟောပြောခဲ့ပြီး လူငယ်များအနေဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်မည့် သားကောင်းရတနာများဖြစ်လာစေရန်" စာအုပ်စာပေ လူ့မိတ်ဆွေ" ဟူသည့်အတိုင်း အကျိုးရှိသော စာကောင်းပေမွန်များ ဖတ်ရှုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးနိုင်ကျော်ဝင်းက လူငယ်များအနေနှင့် အသက်အရွယ်အလိုက် ကစားသင့်သည့် အားကစားများ၊ နည်းမှန် စနစ်မှန် ကစားရန်လိုအပ်သည့် အချက်များ၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ဖွင့်လှစ်သင်ကြား သွားမည့် အားကစားသင်တန်းများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ သိသင့်သိထိုက်သည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများပြသထားရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကော့သောင်းခရိုင်(ပြန်/ဆက်)