ဘိုကလေး ဇန်နဝါရီ ၁၃
ဘက်စုံထူးချွန်ထက်မြက်သော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်(၂)နာရီ၌ လူငယ်စကားဝိုင်း ကျင်းပ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ အ.ထ.က(၃) ကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း အင်အား(၂၀၀)ခန့် တက်ရောက်ကြသည်။
စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အတူ လူငယ်များအနေနှင့် စာများများ ဖတ်ရန်လိုအပ်ကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များ ဖြစ်လာမည့်လူငယ်များ အနေဖြင့် စာပေအသိပညာဖွံ့ဖြိုးတိုးတက် ပြည့်ဝနေပါမှ နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်မည့်သူများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင် ၏ ဦးဆောင်ဆွေးနွေးမှုနှင့် အတူ အ.ထ.က(၃) ကျောင်း၏ ကျောင်းသား/သူ လူငယ်၊ မောင်မယ် (၄)ဦးက “လူငယ်နှင့် စာပေ၊ လူငယ်နှင့် ကိုယ်ပိုင်ဝါသနာ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် ကျန်းမာရေး” စသည့် ခေါင်းစဉ်များဖြင့် ပြည့်စုံစွာဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အဆိုပါ ကျောင်းရှိ ကျောင်းသား/သူများအား သုတ၊ ရသ ကဏ္ဍစုံ စာအုပ်၊ စာစောင်များ၊ ကဏ္ဍစုံ နံရံကပ်စာစောင် များကိုလည်း အသိပညာပေး ပြသခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)