မုံရွာ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန၏ အနီးကပ်ကြီးကြပ်ကာ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေးအခြေခံ မရှိသောသူများအား နည်းပညာပေးရန်နှင့် စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက် များအား မိုးရာသီ၊ ဆောင်းရာသီ၊ ရာသီအလိုက်သီးနှံများ ရွေးချယ်စိုက်ပျိုးတတ်စေရန်၊ ဘောင်တင်သီးနှံ၊ စင်တင်သီးနှံ၊ နှစ်ရှည်သီးနှံများကို သိရှိပြီး စိုက်ပျိုးလာနိုင်စေရန်၊ စိုက်ပျိုးမြေမကောင်းပါက ဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်သည့် ကာလတွင် မိမိရုံးဝန်းအတွင်းမှ အမှိုက်သရိုက် သစ်ရွက်ဆွေးများကို အသုံးပြု၍ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် မြေဆီလွှာထက်သန်လာအောင် ဆောင်ရွက်ပြီး အပင်ဖြစ်ထွန်းမှု ကောင်းလာစေရန် ဓာတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်နေချိန်တွင် ကုန်ကျစရိတ် သက်သာသော သဘာဝပိုးတားဆေးများကို ကြိုတင်ပက်ဖျန်းထားခြင်းဖြင့် ပိုးမွှားကျရောက်မှုမှ ကာကွယ်နှိမ်နင်းမှုများ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဟင်းသီး ဟင်းရွက်များ တိုးချဲ့စိုက်ပျိုးရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အောင်သလ္လာခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာ ဝန်ထမ်းသင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက “မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံ အမယ်စုံ (၅၀)ကျော်ဖြင့် နွေ၊ မိုး၊ ဆောင်း (၁၂၂၄၆၉၆)ဧက လျာထားခဲ့ပြီး ယနေ့အထိ မိုးနှင့် ဆောင်းသီးနှံများအား (၁၂၁၈၆၅၅) ဧက စိုက်ပျိုးနိုင်ခဲ့၍ (၉၉.၅၁)% စိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ စိုက်ပျိုးရန် ကျန်ရှိသော နွေသီးနှံများအား ဖေဖော်ဝါရီလမှ စတင်၍ ဆက်လက်စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရမည့် ဧကများအား ပြည့်မီကျော်လွန်အောင် ခရိုင်နှင့် မြို့နယ်အလိုက် စိုက်ပျိုးလျက်ရှိပြီး အခြေခံစားကုန်များကိုလည်း တိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံ စားကုန်များ တိုးတက်ထုတ်လုပ်လာခြင်းဖြင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးသီးနှံများ ထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေရန်၊ စားသုံးသူရဟန်းရှင်လူ ပြည်သူလူထု ဈေးနှုန်းချိုသာစွာဖြင့် နှစ်သက်စွာ ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန်၊ ဒေသအတွင်း စားရေရိက္ခာဖူလုံကြွယ်ဝ၍ ပိုလျှံသည်များကို ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန်၊ အခြေခံစားကုန်များ တိုးတက်ထုတ်လုပ် ခြင်းဖြင့် ကုန်ချောထုတ် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင် အခွင့်အလမ်းပေါများလာစေရန်၊ ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော အခြေခံစားကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပ ပြုလုပ်သော ဟင်းသီးဟင်းရွက်များ တိုးချဲ့ စိုက်ပျိုးရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲရေးသင်တန်းကို မုံရွာခရိုင် အတွင်းရှိ အစိုးရရုံးဌာန (၄၀)ဌာနရှိ ဝန်ထမ်းအင်အား(၇၀)ဦးအား ဖိတ်ကြား၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ယာဝန်းများအတွင်းတွင် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးစေပြီး စိုက်ခင်းမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များအား ကျန်းမာရေးနှင့်ညီညွတ်၍ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်စေရန် ရုံးနှင့်ဝန်ထမ်းအိမ်ယာ ပတ်ဝန်းကျင်တွင်ရှိသော မြေလွတ်မြေလပ် များအား အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဝန်ထမ်းများ အားလပ်ချိန်တွင် အတူတကွ ဝိုင်းဝန်း လုပ်ဆောင်ခြင်းဖြင့် ရင်းနှီးချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုရှိလာစေမှာဖြစ်ကြောင်း၊ ပိုလျှံသည့် သီးနှံများကို အိမ်နီးချင်းများနှင့် ဝေမျှစားသုံးခြင်းဖြင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်အသိုက်အဝန်း တစ်ခုဖန်တီးလာ နိုင်မည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် စိုက်ပျိုးထားခြင်းအားဖြင့် ဟင်းသီးဟင်းရွက်များအား ပြင်ပမှ ဝယ်မစားရဘဲ ဈေးဖိုးကုန်ကျစရိတ် လျှော့ချနိုင်ပြီး ပိုလျှံသည့်သီးနှံများကို ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိနိုင်စေသည့်အတွက် ဟင်းသီးဟင်းရွက် စိုက်ခင်းများကို အစိုးရဌာနရုံးဝန်ထမ်းများအနေဖြင့် ယခင်ကထက် ပိုမိုတိုးချဲ့၍ စိုက်ပျိုးသင့်ပါကြောင်းနှင့် ယခုသင်တန်းကို တက်ရောက်လာသော ဌာနဆိုင်ရာ အသီးသီးရှိ သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် ပို့ချသည့် စိုက်ပျိုးရေးဘာသာရပ်များကို သေချာမှတ်သားလေ့လာပြီး မိမိတို့ရုံး၌ စိုက်ပျိုးမည့် Home garden စိုက်ခင်းများကို အောင်မြင်စွာစိုက်ပျိုးပြီး သန့်ရှင်းလတ်ဆတ်၍ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက်များရရှိအောင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်းပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် သင်တန်းကို ဆက်လက်ပို့ချလျက်ရှိရာ ခရိုင်မျိုးစေ့တာဝန်ခံ ဦးဇော်ဝင်းအောင် (ဦးစီးအရာရှိ)မှ ဟင်းသီးဟင်းရွက်များ တိုးချဲ့စိုက်ပျိုးသည့် နည်းစနစ်နှင့် Home Garden စိုက်ပျိုးနည်းအကြောင်းကိုလည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စီစီဝမ်း (ဦးစီးအရာရှိ)မှ သဘာဝမြေဩဇာ အမျိုးမျိုး ပြုလုပ်သုံးစွဲနည်းစနစ်များအကြောင်းကို လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ခင်အေး(ဦးစီးအရာရှိ)မှ သဘာဝ ပိုးပြေးဆေးများ ပြုလုပ်သုံးစွဲခြင်းနည်းစနစ်နှင့် ဓာတုပိုးသတ်ဆေးများနှင့် စားသုံးသူဘေးကင်းလုံခြုံမှုရှိစေမည့်နည်းပညာများ ကိုလည်းကောင်း အသီးသီးစာတွေ့လက်တွေ့ ပရိုဂျက်တာများဖြင့် ရှင်းလင်းသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သူများ၏ သိရှိလိုသည်များကို ပြန်လည် ဖြေကြားပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သဘာဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်းစနစ်များ၊ သဘာဝပိုးပြေး ဆေးများ ပြုလုပ်သုံးစွဲခြင်းနည်းစနစ်များ၊ လက်တွေ့ပြုလုပ်သုံစွဲပုံတို့ အားလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းနှင့် ဝန်ထမ်းအိမ်ရာ တို့တွင် ဆောင်ရွက်ထားရှိသော Home Garden စိုက်ခင်းများအား သင်တန်းသား၊ သင်တန်းသူများနှင့် အတူ ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)