ရွှေတောင်မြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ရွှေတောင် အောက်တိုဘာ  ၂၈

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ လုံခြုံရေး တာဝန်ပေးအပ်နိုင်ရေးအတွက် ရွှေတောင်မြို့နယ်၌ အထူးရဲသင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က ကြာနီကန်ကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်မောင်မြင့်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် မကြာမီကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့်အထူးရဲများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကျင်းပစဉ် ကာလအတွင်း မိမိတို့ တာဝန်ကျရာ မဲရုံများတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းပြီး မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက် ကြရမှာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များနည်းတူစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက် နိုင်ကြစေရန် အထူးပြော ကြားခဲ့ပြီး အထူးရဲသင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးနှင့် ဌာနဆိုင်ရာများ၊မြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း(ပြန်/ဆက်)