လိပ်သို ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းတို့ကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန် အမှတ်အသားများအကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရမှုများတွင် အသက် (၅)နှစ်မှ (၂၉) နှစ်အတွင်း ကလေး သူငယ်နှင့် လူရွယ်များ အများဆုံးပါဝင်နေကြောင်း၊ လူကြီး၊လူငယ်၊ ကျောင်းသား/ကျောင်းသူများ လမ်းပေါ်၌ဘေးရန်မတွေ့စေရန် ရှေ့၊ နောက်၊ ဝဲ၊ ယာ သေချာကြည့်ပြီးမှ သွားသင့်ကြောင်း၊ လမ်းအန္တရာယ်ဖြစ်ပွားမှု၏ အဓိကအကြောင်းခံသည် များသောအားဖြင့် မော်တော်ယာဉ်များပင်ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်းသူနှင့် (ကား) ယာဉ်မောင်းများလိုက်နာရန် စည်းကမ်းချက်များအကြောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဉပဒေများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ် ပြဘုတ်တွင် ပြသထားသော ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ နံရံကပ်စာစောင်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ လူ့အသက်တွေကယ်တင်ဖို့ လမ်းစည်းကမ်းကို လိုက်နာစို့၊ ရပ်မျဉ်းကျော်၍ရပ်ခြင်း၊ သတိပေးကာတွန်းပုံများ အသိပညာပေးနံရံကပ်စာစောင်ဆောင်ရွက်ထားရှိမှုများကိုပြသရာ ဒေသနေပြည်သူများများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)