မြိတ် ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၊ တိုင်းရင်းသားအစားအစာပြိုင်ပွဲနှင့် တိုင်းရင်းသား ပေါင်းစုံအက ဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြိတ်တက္ကသိုလ်၏ ငွေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတအခမ်းအနားကို တက္ကသိုလ်ရင်ပြင်တွင်ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် မြို့မိမြို့ဖ ဦးလှသန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထိုနောက် တက္ကသိုလ်ဘာသာရပ်ဌာနအသီးသီး၏ တိုင်းရင်းသားရိုးရာ အစားအစာပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာမဒေါ်ဇင်မာစိုးက “တက္ကသိုလ်နန်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုစတင်ခဲ့သည်။
မြိတ်တက္ကသိုလ်၏ ငွေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တက္ကသိုလ်ဆိုတာ တက္ကသီလ စကားနှစ်ခုပေါင်းစပ်ထားပြီး အသိပညာအတတ်ပညာတွေကို ဖြန့်ဖြူးပေးနေသည့် ပညာရေးပရဝဏ်ဖြစ်ကြောင်း၊ အမျိုးသားရေး ရည်မှန်းချက်တွင်ပါရှိသည့် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်နိုင်ဖို့အတွက် လူငယ်တွေဟာစိတ်ဓာတ်ကောင်းများကို မွေးမြူနိုင်ရမည်ဖြစ်ပြီး စိတ်ဓာတ်ကောင်းများကို မွေးမြူတဲ့အခါမှာ ပညာဟာအဓိကကျတဲ့ အခန်းကဏ္ဍတွင်ရှိကြောင်း၊ အခြေခံပညာကိုသင်ယူတတ်မြောက်ပြီးလို့ အဆင့်မြင့်ပညာကို တက်ရောက်သင်ယူကြတဲ့ လူငယ်များသည် ဝိဇ္ဇာပညာရပ်ဖြစ်တဲ့ အသိပညာနဲ့ သိပ္ပံပညာရပ်ဖြစ်တဲ့ အတတ်ပညာတွေကို တက္ကသိုလ်များက သင်ကြားပေးနေတာလည်းဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူအားလုံးသည် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များနဲ့ပြည့်စုံဖို့လိုအပ်ကြောင်း၊ ပညာရည်မြင့်မားမှသာ ပိုင်းခြားဝေဖန်ဆန်းစစ်နိုင်တဲ့ အတွေးအခေါ်များ ရရှိမှာဖြစ်တဲ့အတွက် တိုင်းရင်းသား ပြည်သူအားလုံး ပညာရည်တိုးတက်အောင် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်ကို တာဝန်ယူဆောင်ရွက်ကြရမည့်သူများဖြစ်ကြောင်း၊ လူငယ်များအားလုံး ပညာတတ်အောင် ကြိုးပမ်းဆောင်ရွက်မှသာ ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက် လက္ခဏာများကို ထိန်းသိမ်းတတ်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြိတ်တက္ကသိုလ်ပါမောက္ခချုပ်က ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ပြု စကားပြောကြားပြီး မြို့မိမြို့ဖ ဦးသက်စိုးနှင့်ဒေါ်တင်တင်ထွေးတို့က ဝမ်းမြောက်စကား ပြောကြားကြသည်။
ဆက်လက်၍ တက္ကသိုလ် ငွေရတုအမှတ်တရ ပန်းချီကားနှင့်ထောက်ပံ့ငွေများကို ဝန်ကြီးချုပ်ကပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံရယူပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့မှ ပေးအပ်သည့်အမှတ်တရ ပန်းချီကားကို ဘွဲ့နှင်းသဘင်ခန်းမတွင် ချိတ်ဆွဲခဲ့ကြသည်။ ယင်းနောက် တက္ကသိုလ်၏ ဂါရဝသစ်သီးခြင်းများကို ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဝိဇ္ဇာသိပ္ပံစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်းရှင်ဆုရရှိကြသော မြိတ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများအား ဂုဏ်ပြုကတ်နှင့် ဂုဏ်ပြုဆုငွေ၊ တိုင်းရင်းသား အစားအစာပြိုင်ပွဲတွင် ဆုရရှိကြသော ဘာသာရပ်ဌာနများ၊ မြိတ်တက္ကသိုလ်၏ သုတေသနဂျာနယ်တွင် စာတမ်းရေးသားခဲ့ကြသည့် ဆရာ၊ဆရာမများအား ဂုဏ်ပြုကတ်များကို တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြိတ်တက္ကသိုလ်၏ ငွေရတုနှစ်ပတ်လည် မွေးနေ့ကိတ်အား ပါမောက္ခချုပ်မှ ခွဲပေးခဲ့ပြီး တက္ကသိုလ်အနုပညာအသင်းမှ ကျောင်းသား/သူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ငွေရတုပြည့်မြောက်ခဲ့ပြီဖြစ်သည့် မြိတ်တက္ကသိုလ်ကို (၁၉၉၉)ခုနှစ် ဇန်နဝါရီ(၈)ရက်နေ့၌ မြိတ်ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၂၀၀၁)ခုနှစ် နိုဝင်ဘာ(၂၇)ရက်၌ မြိတ်ဒီဂရီကောလိပ် အဆင့်သို့တိုးမြှင့်ခဲ့ပြီး (၂၀၀၃) ခုနှစ် မေလ(၁၄)ရက်နေ့တွင် မြိတ်ဒီဂရီကောလိပ်မှ မြိတ်တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ မြိတ်တက္ကသိုလ်တွင် သုတေသနဂျာနယ်ဖြင့် သုတေသနစာတမ်းများကို နှစ်စဉ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ မြိတ်တက္ကသိုလ်၏ (၂၅) နှစ်တာကာလအတွင်း တက္ကသိုလ် ကျောင်းသား/သူများကို B.A, B.Sc, M.A, M.Sc ဘွဲ့များကို ပေးအပ်နိုင်ခဲ့ပြီး ယခုဆိုလျှင် Ph.D ဘွဲ့ကိုပင် ပေးအပ်နိုင်တော့မည် ဖြစ်သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနသို့ရောက်ရှိခဲ့ကြရာ သုတေသနခန်းတွင် စားကမာနှင့်ခရုညိုမျိုးစိတ်များအား ဓာတ်ခွဲခန်းတွင် သားဖောက်၍ မွေးမြူထုတ်လုပ်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက သုတေသနပြုမွေးမြူထုတ်လုပ်ခြင်းမှ စီးပွားဖြစ်မွေးမြူ ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)