ဘားအံ ဇန်နဝါရီ ၁၂
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ သံလွင် မြစ်ကမ်းနား၊ မုန့်ညဈေးတန်းနေရာ၌ ကျင်းပသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ တိုက်နယ်(၉)ခုမှ လှေလှော်အသင်း(၉)သင်း အားကစားသမားပေါင်း ၂၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသား/အမျိုးသမီး နဂါးလှေ (၂၀)တက် လှော်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (၅) တက်လှော်နှင့် (၇) တက်လှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ် (ငြိမ်း) ဦးဇော်မင်းနှင့်ဇနီး၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းရင်းသားပြည်သူများနှင့် အားကစားဝါသနာ ရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် ပူးပေါင်းပါဝင်ကူညီပေးကြသော ရေပြင်သက်ကယ်အဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)ဦးဇော်မင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက နှစ်သိမ့်ဆုရရှိသော လှေလှော်အသင်းများ၊ အမျိုးသား၊ အမျိုးသမီး (၅)တက်လှော်၊(၇)တက်လှော်နှင့် နဂါးလှေ(၂၀) တက်လှော်ပြိုင်ပွဲတို့တွင် ဆုရရှိသော လှေလှော်အသင်းများအား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က နဂါးလှေ(၂၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော အမျိုးသား/အမျိုးသမီး မြို့မတိုက်နယ်လှေလှော်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်စီနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပဒေသာကပွဲ (ဒုတိယည)ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ကပြဖျော်ဖြေမှု၊ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့များ၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာကပြဖျော်ဖြေမှု၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၏ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ကရင်ရိုးရာ ယဉ်ကျေးမှုတူရိယာများ တီးခတ်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အလားတူ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်ထောင်စုနေ့ မတိုင်မီ အထိမ်းအမှတ်ဖွင့်ပွဲများ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပ၍ စည်ကားသိုက်မြိုက်စွာနှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဘောလုံး၊ ဘော်လီဘော၊ ရိုးရာလက်ဝှေ့အစရှိသော အားကစားနည်း(၉)နည်း၊ စင်တင်တေးဂီတဖျော်ဖြေ ပွဲနှင့်ပဒေသာကပွဲတို့ ပါဝင်မည်ဖြစ်ပြီး အောင်အောင်မြင်မြင် ပြီးမြောက်အောင်မြင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြကာ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)