ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအထူးရဲများ သင်တန်းဆင်း

ဇီးကုန်း အောက်တိုဘာ ၂၈

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးအင်အားတိုးမြှင့် ချထား နိုင်ရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ခန့်အပ်ထားရှိသော ရွေးကောက် ပွဲ ဆိုင်ရာ အထူးရဲများသင်တန်းဆင်းခြင်းကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြို့နယ်ခန်းမနှင့် မြို့မ အ−ထ−က ကျောင်းတို့၌ ယနေ့နံနက် ၈ နာရီက စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းနှင့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်ကျော်တို့က သင်တန်းဆင်းအမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ ဇီးကုန်း မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲအင်အား (၅၅)ဦး ခန့်အပ်ထားရှိပြီး၊ အထူးရဲများအား မြို့နယ် ခန်းမတွင် (၂၃)ဦး၊ မြို့မ အ ထ  က ကျောင်းတွင်(၂၄)ဦးနှင့် လေးမျက်နှာ ရဲစခန်း တွင်(၈)ဦးကို နေရာများခွဲ၍ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ပြည်သူလူထုနှင့်ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်နှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများအား  အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာအထူးရဲများသည် ရွေးကောက်ပွဲနေ့တွင် မဲရုံလုံခြုံရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲရုံပရဝဏ်အတွင်း ထူးခြားဖြစ်စဉ်တစ်စုံတစ်ရာ ရှိပါက သက်ဆိုင်ရာအဆင့်ဆင့်သို့ အကြောင်းကြားဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ဆိုင်ရာအထူးရဲကျင့်ဝတ်အရ သိရသည်။

တင့်ဆွေ(ပြန်ဆက်)