ပေါင်းတည် ဇန်နဝါရီ ၁၂
ဆောင်းရာသီခြံစိုက်ခင်းများ၌ ခရမ်းစိုက်ပျိုးမှုသည် ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးလာပြီး အမာခံစျေးကွက်ရှိမှုနှင့် ရာသီဦးစျေးကောင်းရရှိမှုများကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ခရမ်းစိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
ဒေသစျေးကွက်အတွင်း၌ အလုံးချော၍ ပိုးကင်းစင်သည့် ခရမ်းသီးတစ်လုံးလျှင် ၃၀၀ ကျပ် စျေးနှုန်းရှိကြောင်းစျေးဝယ်သူ အိမ်ရှင်မတစ်ဦးကပြောပြသည်။ အနယ်နယ်အရပ်ရပ်သို့ တင်ပို့မှုအဝယ်လိုက်သည့်အချိန်တွင် ခရမ်းသီးစျေးမြင့်လေ့ရှိပြီး တင်ပို့မှုအရောင်းအေးချိန်တွင် စျေးနှုန်းသက်သာလေ့ရှိကြောင်းကိုလည်း ရှင်းပြသည်။ ဒေသခံတောင်သူများသည် ခရမ်းသီးအပါအဝင်ခြံထွက် ဟင်းသီးဟင်းရွက်များကို နေ့စဉ်ရန်ကုန်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ရွာသစ်ကြီးကျေးရွာ ခရမ်းခြံပိုင်ရှင် ဦးစိန်မောင်က ဒီနေ့အထိ စျေးကောင်းရလျက်ရှိကြောင်း၊ အဝယ်လိုက်မှုကြောင့် ခရမ်းစိုက်တောင်သူများလည်း နေ့စဉ်ဝင်ငွေ ပုံမှန်ရရှိနေကြောင်း သိရသည်။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်ထားသောစာရင်းအရ ပေါင်းတည်မြို့ တစ်မြို့နယ်လုံးတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းရာသီ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုသည် ၃၆၈၂ ဧကအထိရှိလာကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)